|

မြစ်ချောင်း အင်းအိုင် ရေမျက်နှာပြင် ပြောင်းလဲမှု စောင့်ကြည့်ရေး ကိရိယာ

ပြီးခဲ့တဲ့နှစ် မိုးကြီးရေလျှံတုန်းက မိသားစုကိစ္စနဲ့ ရှုပ်နေတော့ ထဲထဲဝင်ဝင် မပါဖြစ်လိုက်ဘူး။ သတင်းတွေ ဖတ်တာလောက်ပဲ လုပ်ဖြစ်တယ်။ ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီး ဆုံးရှုံးမှုတွေကို သာမန်ကာလျှံကာ ကြည့်ဖြစ်တယ်။

ရေကြီးနစ်မြုပ်မှု ပြဿနာက မြန်မာနိုင်ငံ တစ်နိုင်ငံတည်းတင် မဟုတ်ဘဲ တခြားဒေသတွေမှာလည်း ဖြစ်နေတော့ တခြားဒေသတွေမှာ ပြင်ဆင် ကာကွယ် တုံ့ပြန်ရေး ဆောင်ရွက်မှု ကိစ္စတွေလည်း ဖတ်ဖြစ်တယ်။

ဒီ သတင်းတွေ ဖတ်နေရင်းနဲ့ ရေထုပမာဏ ပြောင်းလဲမှုနဲ့ ရေလွှမ်းမိုး နယ်မြေ (တစ်ချို့တစ်ဝက်) ကို ဂြိုဟ်တုဓာတ်ပုံ သုံးပြီး ခန့်မှန်း ပုံဖော်ကြည့်တာ၊ တုံ့ပြန်ရေး လုပ်ငန်း ဆောင်ရွက်သူတွေ အတွက် လိုအပ်တဲ့ မြေပုံတွေ ပြင်ဆင်ပေးတာတော့ နည်းနည်းပါးပါး လုပ်ဖြစ်တယ်။

ဂြိုဟ်တုဓာတ်ပုံ သုံးနေရင်းနဲ့ မြစ်ချောင်း အင်းအိုင်တွေရဲ့ ရေမျက်နှာ မြင့်တက်မှုကို တိုင်းတာတဲ့ IOT Device တွေ ရှိမလားလို့ ရှာကြည့်ဖြစ်တယ်။ Industrial Grade ဖြစ်တော့ စျေးကြီးတယ်။

ရေမျက်နှာ ပြောင်းလဲမှု (အနိမ့်၊ အမြင့်) ကို အချိန်နဲ့ တစ်ပြေးတည်း ကြည့်လို့ရရင် ခန့်မှန်း မြေပုံ လုပ်တာ၊ Statistical Model တွေနဲ့ ကြည့်တာကို သက်ဆိုင်ရာ ကျွမ်းကျင်သူတွေ ဆက်လုပ်လို့ ရနိုင်မယ်လို့ တွေးမိပါတယ်။

အမေရိကန်ပြည်ထောင်စုမှာဆိုရင် National Inventory of Dams (NID) Database လုပ်ပြီးတော့ ပြည်သူပိုင်၊ ပုဂ္ဂလိကပိုင် ဆည်မြောင်း တာတမံတွေကို စာရင်းပြုစုထားတာ၊ GIS ကျွမ်းကျင်သူတွေ၊ သက်ဆိုင်ရာ တည်ဆောက်ရေး ဘာသာရပ် စိတ်ဝင်စားတွေ လေ့လာရ လွယ်အောင် Spatial Data တွေ လုပ်ပေးတာ တွေ့တယ်။

အမေရိကန်ပြည်ထောင်စုလို ဂြိုဟ်တုတွေ အများကြီး ပိုင်ဆိုင်ထားတဲ့ နိုင်ငံအနေနဲ့က ဆည်တွေ၊ မြစ်ချောင်း အင်းအိုင်တွေရဲ့ ရေမျက်နှာပြင် ပြောင်းလဲမှုကို စောင့်ကြည့်ဖို့က ခက်ခဲတဲ့ ကိစ္စ မဟုတ်ဘူး။ ဒီကိစ္စကို စိတ်ဝင်စားတဲ့ သာမန် အရပ်သားတွေတောင် Data တွေ လွယ်လင့်တကူ ရနိုင်တယ်။

အချက်အလက် ရှိရင် အလုပ် လုပ်ရတာ၊ အနာဂတ်မှာ ဖြစ်တန်ခြေရှိတဲ့ ကိစ္စတွေကို မှန်းဆရတာ အထောက်အကူ ပြုပါတယ်။

ဒါနဲ့ ရုံးမှာ ရှိနေတဲ့ အင်ဂျင်နီယာအဖွဲ့ကို ရေမျက်နှာ အတိုး၊ အဆုတ်ကို စောင့်ကြည့်ပြီး အချက်အလက် ကောက်ခံတဲ့ IOT Device (Prototype အဆင့်) လုပ်ကြည့်ဖို့ရာ ပြောဖြစ်တယ်။ သိပ် မကြာလိုက်ဘူး။ IOT Device ရလာတယ်။

အလုပ် လုပ်ပုံကလည်း လိုအပ်ချက်နဲ့ အဆင်ပြေတယ်။ ရေမျက်နှာပြင် အနိမ့်အမြင့်ကို သတ်မှတ်ထားတဲ့ အချိန် အပိုင်းအခြား (ငါးမိနစ်ခြား တစ်ခါ သို့မဟုတ် ဆယ်မိနစ်ခြား တစ်ခါ ဆိုသလို) မှာ စောင့်ကြည့်မယ်။ ရေမျက်နှာပြင် အနိမ့်အမြင့် အပြောင်းအလဲတွေကို Cloud Server ကို ပို့မယ်။ Spreadsheet (Excel/CSV) ထဲ ထည့်မယ်။

ကျန်တဲ့ Data Visualization ၊ Mapping ၊ Data Dashboard စသဖြင့်က StreamLit လို Library သုံးလိုက်ရင် လွယ်သွားပြီ။ ဒါက ဘယ် အချိန် လုပ်လုပ် လုပ်လို့ လွယ်တယ်။

ရေမျက်နှာပြင် ပြောင်းလဲမှု စောင့်ကြည့်ရေး ကိရိယာ Prototype အဆင့်ကတော့ ထွက်သွားပြီ။ တကယ် အသုံးပြုမယ့် ပစ္စည်းအဆင့် ဖြစ်အောင် ဆိုရင်တော့ ပိုကောင်းအောင် လုပ်ရမှာတွေ၊ Data Accuracy မြင့်တက်လာအောင် Triangulation လုပ်ရမှာတွေတော့ ရှိဦးမှာပေါ့။ ပိုပြီး ကောင်းတဲ့ Sensor တွေ Chipset တွေ သုံးရင် ပိုကောင်းသွားမှာပေါ့။

Prototype အဆင့် ဖြစ်ပေမယ့် Device လုပ်တဲ့ ညီလေးက လျှပ်စစ်ဓာတ်အားကိစ္စကိုပါ ထည့်တွက်ထားတယ်။ မတွက်လို့လည်း မရဘူး။ Board မှာ သုံးတဲ့ Battery ကို Solar Charger နဲ့ အားပြန်သွင်းတယ်။ တိတိကျကျ ပြောရရင် Solar-powered Water (Dam/Creek/River/Waterbody) Level Monitoring IOT Device လို့ ပြောရမှာပေါ့။

ဒီ Device က ကောက်လို့ရတဲ့ Data Point က တစ်ခုတည်း ဆိုပေမယ့် တခြား Data တွေ (ဥပမာ မိုးလေဝသ၊ မိုးရွာသွန်းမှု၊ မြစ်ချောင်းဆည်မြောင်း Spatial Data) တွေနဲ့ တွဲလိုက်ရင် တော်တော် သုံးလို့ ရနိုင်ပါတယ်။ နောက်ဆုံး CCTV တစ်လုံးပါ တွဲတပ်ထားလိုက်ရင် Data လည်း ကြည့်လို့ ရမယ်၊ ရေပြင်ကိုလည်း မျက်မြင် Monitoring လုပ်လို့ ရနိုင်မယ်။

ဒီလို ပစ္စည်းတွေနဲ့ အချက်အလက် စုစည်း ကောက်ယူ ထိန်းသိမ်းပြီး အချက်အလက် ပမာဏ များလာရင် Scientific Analysis တွေ လုပ်လို့ ရနိုင်တာပေါ့။

အခုတော့ ဒီ IOT Device Prototype ကို သိမ်းထားဖို့ပဲ မှာရတော့မယ်။ ရန်ကုန်၊ မန္တလေး ဆိုတော့ကာ လက်တွေ့ အကြမ်းပတမ်း စမ်းဖို့ရာ နေရာ မရှိဘူး။ လပွတ္တာမှာ ဆိုရင် ကမ်းနားမှာ နေတဲ့ အသိမိတ်ဆွေတွေကို အကူအညီ တောင်းပြီး‌တော့ ရေဆင်းတံတားမှာ တပ်ထားရင်တောင် ရတယ်။

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *