ခဲတံစွပ် (Pencil Extender)
လေးတန်း ဖြေပြီးတဲ့နောက် ခဲတံ မကိုင်ရတော့ဘူး။ ငါးတန်းမှာ ဘောပင် စကိုင်ရတယ်။ ထုံးစံအတိုင်း ရေးနိုးဘောပင်ပဲ။ ဘောပင်ကို အချိန် တော်တော် ကြာတဲ့ အထိ သုံးဖြစ်တယ်။ ၂၀၁၃-၁၄ လောက်မှာ ခဲတံ ပြန်ပြီး ကိုင်ဖြစ်တယ်။ ဘာကြောင့်လဲ ဆိုတော့ကာ စာရေးရင် ပိုမြန်တယ်လို့ ခံစားရလို့။
ခဲတံ Grade အမျိုးမျိုး စမ်းသုံးရင်းနဲ့ နောက်ဆုံးတော့ 6B နဲ့ အဆင်ပြေသွားတယ်။ 6B ကလည်း အရင်တုန်းက ၁၅၀ – ၂၀၀ လောက်ကနေ စျေးတက်လာလိုက်တာ အခုတော့ တစ်ချောင်းကို တစ်ထောင်ကျော်သွားပြီ ထင်တာပဲ။
ခဲတံကို စွဲစွဲမြဲမြဲ သုံးတော့ ခဲတံ အတိုတွေ တော်တော် စုမိတယ်။ အတိုလေးတွေကို လွှင့်ပစ်ဖို့ကလည်း နှမြောတော့ အံဆွဲထဲ စုထားတာ တော်တော် များတယ်။ ကိုယ့်ဖာသာ ရေးရင်းနဲ့ တိုသွားတဲ့ 6B ခဲတံတွေတင် မကဘူး။ ဟိုတယ်မှာ လုပ်တဲ့ အစည်းအဝေးတွေမှာ ချပေးတဲ့ 2B ခဲတံတွေကို စုထားတာလည်း တော်တော်များများ ရှိတယ်။
6B အတိုတွေ အိမ်က ညီလေးတွေ အလုပ် လုပ်တဲ့ Tool Box တွေ အထဲကို လုပ်ငန်းခွင်ထဲ အကြမ်း သုံးလို့ ရအောင် ထည့်ပေးလိုက်တယ်။ အစည်းအဝေးတွေကနေ ကောက်လာတဲ့ ခဲတံတွေကိုတော့ မိဘမဲ့ စာသင်ကျောင်းတွေ ဘာတွေကို ထည့်ပေးလိုက်တာပဲ။ အလကား ဖြစ်မယ့် အတူတူ သုံးလို့ ရတာပေါ့။
တစ်လောက ခဲတံ လုပ်တဲ့ အကြောင်း လိုက်ရှာ ဖတ်ရင်း၊ ကြည့်ရင်းနဲ့ 6B အတိုတွေကို ဆက်သုံးလို့ရတဲ့ ကိရိယာ တွေ့တယ်။ အဲဒီတုန်းက ဒီ ကိရိယာကို အင်္ဂလိပ်လို Pencil Extender လို့ ခေါ်မှန်း မသိဘူး။ နီးစပ်ရာ ဆိုင်တွေမှာ လိုက်ရှာတာ မတွေ့ဘူး။

ဒါနဲ့ Temu မှာ လိုက်ရှာကြည့်တော့ ခဲတံစွပ် (Pencil Extender) ဒီဇိုင်း အမျိုးမျိုး တွေ့တယ်။ ခဲတံစွပ်ကို တရုတ်ပြည်ကနေ ထိုင်းနိုင်ငံ၊ ထိုင်းကနေ ရန်ကုန်ကို ပို့ခိုင်းရတယ်။ ခဲတံစွပ်ကို တပ်သုံးနေတာ တော်တော် ကြာပြီ။ အဆင်ပြေတယ်။ ပြည်တွင်းမှာတော့ ပန်းချီပစ္စည်းဆိုင်ကြီးတွေမှာ ရှိမယ် ထင်တာပဲ။