တိမ်ကောနေပြီဖြစ်တဲ့ မြန်မာလက်ရေးတို စာရေးနည်းစနစ်
လွန်ခဲ့တဲ့ ၂၃ နှစ်လောက်တုန်းက မြန်မာလက်ရေးတိုရေးသားနည်းကို တောရကျောင်းဆရာတော် ဦးဝေပုလ္လဆီမှာ သင်ဖူးတယ်။
ဆရာတော် မန္တလေးမှာ ဓမ္မာစရိယတန်းတက်တော့ စာမြန်မြန် ရေးမှတ်လို့ ရအောင် သင်ရတယ်လို့ မှတ်ဖူးတယ်။ လက်ရေးတို သင်တန်းတွေ ဖွင့်တယ် ပြောတယ်။ အဲဒီခေတ်တုန်းကတော့ လက်ရေးတိုနဲ့ လက်နှိပ်စက် (ဒီကနေ့ခေတ် ကွန်ပြူတာ အလုပ်တွေ ထွန်းကားသလို) ရိုက်တတ်ရင် လောကီအလုပ်လည်း ရှိတယ် ပြောတာပဲ။
ကိုယ်ကတော့ ဘာရယ် မဟုတ်ဘူး။ ဘဘုန်းလေး လက်ရေးတို တတ်တော့ သွား သင်လိုက်တာပဲ။ အဲဒီ အချိန်မှာ လက်ရေးတို သင်ကြားမှုကလည်း တိမ်ကောနေပါပြီ။ တပည့်ဆိုလို့ ကိုယ် တစ်ယောက်တည်းပဲ ရှိတာပါ။
သင်ကြားပို့ချနည်းကတော့ ဘုန်းတော်ကြီး စာချနည်း စာလိုက်နည်းနဲ့ သင်တာပဲ။ သင်ရိုးညွှန်းတမ်းက သင်ပုန်းကြီးနဲ့ပါပဲ။ သင်နေတုန်းကတော့ တော်တော် ရေးတတ်တယ် ထင်တာပဲ။ “ကန်ထဲမှာ ရေပြည့်နေပြီ” စာအုပ် တစ်အုပ် ကုန်တဲ့ အထိ ရေးတတ်တယ်။ သာမန်နှုန်းနဲ့ စကားပြောတာကို လက်ရေးတိုနဲ့ လိုက်ရေးမယ် ဆိုရင် လိုက်ရေးလို့ ရတယ်။
ဒီညနေ လက်ရေးတို လေ့ကျင့်ခန်း မှတ်စုစာအုပ်တွေ ပြန်တွေ့တော့မှ ငါ လက်ရေးတို ရေးတတ်ဖူးပါလား ဆိုပြီး သိရတယ်။
လေ့ကျင့်ခန်းတွေ ပြန်ဖတ်ကြည့်တော့ နည်းနည်းတော့ ဖတ်တတ်သေးတယ်။ တစ်လုံးချင်းစီ ပေါင်းပြီး ကလေး စာဖတ်သလို ဖတ်တဲ့ အဆင့်မျိုး ဖြစ်သွားတယ်။
ဒါပေမယ့် လက်ရေးတို ဗျည်းတွေကို ရာနဲ့ ချီပြီး ရေးသားလေ့ကျင့်ဖူးတော့ Muscle Memory တော့ ရှိသေးတယ်။ ဘယ် ဗျည်းကို ဘယ်လို ရေးရမယ်၊ ဘယ် အက္ခရာကို ဘယ်လို သုံးရမယ် ဆိုတာကို နည်းနည်းတော့ မှတ်မိသေးတယ်။ ဝါကျ ပြန်ရေးဖို့ကတော့ မရတော့ဘူး။
အတတ်ပညာတစ်ခုဟာ နှစ်ပေါင်း ၂၀ ကျော် လေ့ကျင့်မှု မရှိ၊ သုံးစွဲမှု မရှိရင် မေ့သွားတာပဲ။ နောက် နှစ်ပေါင်း ၂၀ လောက် ကြာရင် မြန်မာလက်ရေးတိုရေးသားနည်း ဆိုတာ ဂြိုဟ်သားစာရေးနည်း ဖြစ်သွားမှာပါပဲ။