ခန့်မှန်းသုံးသပ်တွက်ချက်မှု (Prediction) ထွေရာလေးပါး
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂.၆ သန်း အခုလို မိုးတွင်းကာလမှာ ကျောက်ခေတ်လူသားတစ်စုဟာ ပြဒါးလင်းဂူထဲမှာ ထိုင်မှိုင်နေကြတယ်။ ဘာကြောင့်လဲ ဆိုတော့ကာ မိုးက တောက်လျှောက် ရွာနေလို့။
တောက်လျှောက် ရွာနေတဲ့ မိုးကို လူတွေ စိတ်ပျက်နေကြပြီ။ ကလေးတွေကလည်း ငိုသူ ငို၊ ချောင်းဆိုးသူ ဆိုး၊ ဆော့တဲ့သူ ဆော့။ ငိုတဲ့ ကလေးတွေကို မအေတွေက ခေါင်းခေါက်။ ကလေးတွေက ထပ်ငို။ ဂူထဲမှာ ရှုပ်ရှက်ခတ်နေတယ်။
မိုးက ရွာလိုက်တာ ဒလဟော။ ဂူထဲမှာ ဖိုထားတဲ့ မီးဖိုကလည်း ခပ်ဖျော့ဖျော့ ဖြစ်နေပြီ။ ထင်းကလည်း ကုန်တော့မယ်။ မီးသင်းမြေခွက်တွေထဲမှာ ကျန်နေတဲ့ စားစရာတွေကလည်း သိုးနေပြီ။ အိုးခွက်တွေမှာ ယင်မမဲရိုင်းတွေက အုံလိုက်ကျင်းလိုက် တွယ်လို့။
အမဲလိုက် မထွက်ရတာ ကြာပြီဆိုတော့ကာ ကျောက်ပုဆိန်၊ ကျောက်တင်းပုတ်၊ ကျောက်ဓားတွေမှာ စွန်းထင်းနေတဲ့ သွေးတွေကလည်း ခြောက်နေပြီ။ ဒါပေမယ့် ဂူထဲ အစိုပြန်နေလို့ သွေးစသွေးနတွေကတော့ ခပ်စေးစေး ခပ်ထန်းထန်း ဖြစ်နေတုန်း ရှိသေးတယ်။

ဂူထဲက တစ်ယောက်က ကျောက်ခေတ်စကားနဲ့ “အော်တက … မော်တကဲ … လော်တကိုက် … ထော်တကွက် … ဖော်တကို့ … လော်တကို … ပြော်တကီ” လို့ ပြောတယ် (ကျောက်ခေတ်စကား-မြန်မာစကား ဘာသာပြန် – အမဲလိုက်ထွက်ဖို့လိုပြီ)။ နောက်ပိုင်း သူတို့ပြောတာတွေကိုတော့ မြန်မာဘာသာနဲ့ပဲ ရေးပါတော့မယ်။
ကျောက်လိုဏ်ဂူသူကြီးက ဒီ အချိန် အမဲလိုက် ထွက်လို့ မရဘူး။ ဒီလောက် မိုးတောလေတောထဲ ဘာကောင်မှ ထွက်မှာ မဟုတ်ဘူး။ နောက်ထပ် သုံးည ကျော်ရင် မိုးတိတ်ပြီ။ မိုးတိတ်တော့မှ အမဲလိုက်၊ ထင်းခွေ လုပ်လို့ ရမယ်လို့ ပြန်ပြောတယ်။
နောက် သုံးရက်နေရင် မိုးတိတ်မယ် ဆိုတာကို မင်း ဘယ်လိုလုပ် သိသတုန်း လို့ တစ်ယောက်က ပြန်မေးတယ်။
ဂူသူကြီးက ဟိုဘက် ကျောက်နံရံကို ကြည့်။ မိုးစရွာတဲ့ နေ့ကတည်းကစပြီး ညနေစောင်းတိုင်း နံရံမှာ ငါ မြေနီခဲနဲ့ မှတ်ထားတယ်။ အခုဆိုရင် ဂူနံရံမှာ ခြစ်ရာတွေ ပြည့်တော့မယ်။ ငါ့ အဖေ ပြောဖူးတာ မိုးစရွာတဲ့ နေ့ကစပြီး ညနေတိုင်း မြေနီခဲနဲ့ ကျောက်နံရံမှာ အမှတ် မှတ်။ ဘယ်လောက် ကြီးတဲ့ မိုး မဆို ခြစ်ရာတွေ ဂူနံရံ မဆုံးခင် တိတ်တာပဲ လို့ ပြန်ပြောတယ်။
နောက် သုံးရက်ကြာတော့ မိုးတိတ်သွားတယ်။ ဂူသူကြီးရဲ့ မှန်းဆချက် မှန်တယ်။ ဘာကြောင့်လဲ ဆိုတော့ကာ အစဉ်တစိုက် မှတ်သားထားတဲ့ အချက်အလက်ကို အခြေခံပြီး ခန့်မှန်းသုံးသပ်ချက် ထုတ်လို့ပါပဲ။ ဒီလိုနည်းနဲ့ပဲ လူသားတွေရဲ့ ခန့်မှန်းသုံးသပ်မှုနည်းစနစ်တွေ ပေါ်ထွန်းလာတယ်လို့ ဆိုရမယ် ထင်ပါတယ်။
နောက်ပိုင်း လူသားတွေရဲ့ ယဉ်ကျေးမှုအဆင့်အတန်း မြင့်လာတာနဲ့ အမျှ စာရေးသားနည်းစနစ်၊ မှတ်တမ်းမှတ်ရာ ပြုစုထိန်းသိမ်းနည်းစနစ်၊ ခန့်မှန်းသုံးသပ် ဆန်းစစ်လေ့လာတဲ့စနစ်တွေ ထွင်ကြတယ်။ မျိုးဆက် တစ်ခုနဲ့ တစ်ခု လက်ဆင့်ကမ်းကြတယ်။ ပိုကောင်းအောင် လုပ်ကြတယ်။
နောက်တော့ ကွန်ပြူတာတွေ ပေါ်လာတယ်။ တွက်ချက်မှုတွေ ပိုကောင်းလာတယ်။ အခုဆိုရင် AI ပေါ်လာပြီ။ တွက်ချက်မှုတွေ ပိုပြီး မြန်ဆန်လာတယ်။ မှန်ကန်လာတယ်။ အလုပ် ပိုပြီး တွင်လာတယ်။
မနေ့တုန်းက မိုးဇလကိန်းဂဏန်းအချက်အလက်တွေကို Time-series တွက်ချက်မှု ကိစ္စတွေ လုပ်ရင် လွယ်လင့်တကူ သုံးလို့ရမယ့် ပုံစံဖြစ်အောင် ပြန်ပြီး ပြင်ဖြစ်တယ်။ ဟိုအရင် AI မပေါ်ခင်က ဒီလို ရှင်းလင်းရေး လုပ်ရင် အချိန် တော်တော် ပေးရတယ်။ အခုတော့ AI Paired Coding/Vibe Coding လုပ်ပြီး ရှင်းလိုက်တော့ ဌာန်ကုန် ၁၂-၁၆ နာရီ ဆိုရင် အလုပ် ပြီးပြီ။ စက်နဲ့ လုပ်ထားတာကို လူနဲ့ တစ်ခါ ပြန်စစ်ဖို့ပဲ လိုတော့တယ်။
အခု လက်ရှိရထားတဲ့ Data တွေကို အကြမ်းဖျင်း ကြည့်ဖြစ်တယ်။ အထူးသဖြင့် လပွတ္တာမိုးဇလစခန်းက ကောက်ယူထားတဲ့ မိုးရေချိန်ကို ကြည့်ဖြစ်တာပါ။ အခုမနက်လည်း မိုးက တော်တော် သည်းနေတော့ မိုးရေချိန်ကိစ္စ စိတ်ထဲ ရောက်လာတာ ပါမယ်။
ဒီ Chart ကို ကြည့်ရင် လပွတ္တာမြို့ရဲ့ မိုးရွာသွန်းမှု ပုံစံ (Pattern) ကို သာမန်လူ (Layman) အနေနဲ့ လွယ်လင့်တကူ ကြည့်လို့ ရတယ်။ မိုးလေဝသဇလဗေဒ လေ့လာသူတွေ ဆိုရင်တော့ ကြည့်တာချင်း အတူတူ၊ သူတို့ ပိုမြင်မယ်။ လပွတ္တာကို မုတ်သုံလေ စဝင်တဲ့ နေ့ကို စမှတ် အနေနဲ့ ယူပြီးတော့ ဘယ် နှစ်ရက်မြောက်မှာ မိုးရွာသွန်းမှု အခြေအနေ ဘယ်လို ရှိသလဲ ဆိုတာကို အသေးစိတ် ကြည့်ရင် ကြည့်လို့ ရတယ်။ တခြား မိုးလေဝသဇလဗေဒ အချက်အလက်တွေနဲ့လည်း ထပ်ပြီး ချိန်ထိုး၊ ပေါင်းစပ်ပြီး ပိုပြီး အဆင့်မြင့်တဲ့ တွက်ချက် လေ့လာမှုတွေလည်း လုပ်လို့ ရနိုင်တာပေါ့။ ဒါတွေကတော့ ကိုယ့်ကဏ္ဍ မဟုတ်ပါဘူး။

မိုးလေဝသခန့်မှန်းမှုက ကျောက်ခေတ်ကနေ AI ခေတ်ကို ရောက်လာတဲ့ အချိန်မှာ ခန့်မှန်းတွက်ချက်မှုတွေ ပိုကောင်းလာတာ အသေအချာပါပဲ။ မိုးစွေငှက် အော်ရင် မိုးရွာ ဆိုတဲ့ အဆင့်ကနေ IOT Sensor တွေ ခေတ်ကို ရောက်လာပြီ။
မိုးဇလအချက်အလက်တွေကို ကြည့်ရင် သတိပြုမိတာက နိုင်ငံရေးရာသီဥတု အခြေအနေကြောင့် မိုးဇလစခန်းတစ်ချို့ကနေ အချက်အလက် ကောက်လို့ မရတော့တဲ့ အကြောင်းပါပဲ။ နောက်ပိုင်းမှာ Interpolation လုပ်ပြီး Data ဖြည့်ရင်လည်း တကယ် ကောက်ယူတာလောက်တော့ ကောင်းမှာ မဟုတ်ပါဘူး။ အချက်အလက် လစ်ဟာမှုတော့ ဖြစ်သွားမှာပေါ့။ ဒါကတော့ လက်တွေ့ တကယ့်တကယ် အခြေအနေပေါ့။ သူ့ဟာနဲ့သူ အဆင်တော့ ပြေသွားမှာပါ။