လူပျောက်ပြဿနာ အဖြေရှာ

လူပျောက်ရင် ပြန်တွေ့သလား

၁။ လူပျောက်ရင် ပြန်တွေ့သလား။ ဘယ်လို ပြန်တွေ့သလဲ။ ဒီ မေးခွန်းတွေ အတွက် အဖြေကို သေသေချာချာ မသိရဘူး။ ဘာကြောင့်လဲဆိုရင် လူပျောက်သတင်းတွေ အများစုမှာ ဖြစ်စဉ် အစအဆုံးကို မသိရလို့။

၂။ ဒီအတွက်ကြောင့် လူထုစိုးရိမ်မှု ပိုပြီး မြင့်တက်လာတယ်။ လူပျောက်ရင် ပြန်တွေ့မှာ မဟုတ်တော့ဘူးလို့ ယူဆမှု များသွားနိုင်တယ်။ သို့လောသို့လောတွေ တွေးစရာ ရှိလာတယ်။ မလိုအပ်ဘဲ ဆယ်ကျော်သက်တွေကို အလွန်အမင်း ထိန်းချုပ်မှုတွေ ရှိလာနိုင်တယ်။ ဒီလို ထိန်းချုပ်မှုတွေ‌ကြောင့် ဆယ်ကျော်သက်တွေ အာရုံ နောက်ရတာ ဖြစ်လာမယ်။

လူထုအခြေပြု လူပျောက်ရှာဖွေရေး

၃။ လူပျောက်တာ ဘယ်လို အခြေအနေ ရှိသလဲ ဆိုတာကို သိရအောင် ပြည်တွင်းမှာ လူ အသုံးများဆုံးဖြစ်တဲ့ Facebook မှာ လူပျောက်ဆုံးမှု အကြောင်းကို ရှာဖွေ ကြည့်ဖြစ်တယ်။ ကိုယ် တွေ့သလောက လူပျောက်ရင် ကြော်ငြာတင်ဖို့ ဝိုင်းဝန်ပြီး ကူညီ ရှာဖွေပေးဖို့ ဖွဲ့စည်းထားတဲ့ Facebook Group ပေါင်း ၂၁ ခု လောက် တွေ့ပါတယ်။ လူထုအခြေပြုစနစ်ပါ။ အင်မတန် ချီးမွမ်းစရာ ကောင်းလှပါတယ်။

၄။ ဒီ Facebook Group (Public Group) ၂၁ ခုထဲက Posts ပေါင်း ၄၀၀ ကျော်လောက်ကို မနေ့ညတုန်းက ဆွဲထုတ်ကြည့်ဖြစ်တယ်။ Posts အများစုက Forwarded Post တွေ ဖြစ်နေတော့ Text Data ကို ကိုယ် ထုတ်လို့ မရတာ ရှိတယ်။ ဒါ့အပြင် လူပျောက်သတင်းတဲ့ အခါမှာ စာသား မတင်ဘဲ ဓာတ်ပုံချည်းပဲ သီးသန့်တင်၊ ဓာတ်ပုံထဲမှာပဲ သတင်းအချက်အလက် ထည့်ရေးထားတာတွေလည်း ရှိတယ်။ ဒီလို Post Types တွေကို ကိုယ် Text Data ထုတ်လို့ မရပါဘူး။

၅။ ရသလောက် Text Data ကို ဆွဲထုတ်တော့ ၁၅၅ ခုလောက် ကျန်တယ်။ ဒီ အထဲမှာ ထပ်နေတဲ့ Posts တွေ (Duplicates) တွေကို ဖယ်လိုက်တော့ Analysis လုပ်ဖို့ အသုံးတည့်တဲ့ Posts စုစုပေါင်း ၄၆ ခုလောက်ပဲ ကျန်တော့တယ်။

လူပျောက်ဆုံးမှု ဖြစ်စဉ်များကို မျိုးတူစု ခွဲခြားကြည့်ခြင်း

၆။ လူပျောက်ဆုံးမှုကို မျိုးတူအုပ်စု ခွဲခြားကြည့်ရင် —

၆-၁။ ကလေးသူငယ်၊ ဆယ်ကျော်သက် လူပျောက်ဆုံးမှု

၆-၁-၁။ သိပ်ငယ်လွန်းတဲ့ ကလေးတွေ အရပ်ထဲမှာ ဝိုင်းထဲမှာ လမ်းထဲမှာ ကစားနေရင်း ပျောက်ဆုံး၊
၆-၁-၂။ အုပ်ထိန်းသူ မပါတဲ့ ဆယ်ကျော်သက် (အထူးသဖြင့် မိန်းမငယ်တွေ) သူငယ်ချင်းဆီ အလည်သွား၊ အပြင်ထွက် မုန့်ဝယ်၊ ကျောင်းပြန်၊ ကျူရှင် အပြန်မှာ ပျောက်ဆုံး၊
၆-၁-၃။ မသန်စွမ်း ကလေးသူငယ်၊ ဆယ်ကျော်သက် (ညဏ်ရည် မသန်စွမ်း၊ ဆွံ့အ ကလေးသူငယ်) တွေ ပျောက်ဆုံး၊

၆-၂။ သက်ကြီးရွယ်အို လူပျောက်ဆုံးမှု

၆-၂-၁။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာ ရှိတဲ့ သက်ကြီးရွယ်အို (အသက် ၅၀ နဲ့ ၅၀ အထက်) တွေ အိမ်က ထွက်သွား၊ နောက်တော့ ပျောက်ဆုံး၊
၆-၂-၂။ ပါကင်ဆန်လို ဝေဒနာမျိုးကို ခံစားနေရတဲ့ ဘိုးဘွားတွေ အိမ်ကနေ ထွက်သွား၊ လမ်းပျောက်၊ အိမ် မပြန်တတ်၊ ပျောက်ဆုံး (ဒီလို ဖြစ်စဉ်တွေမှာတော့ ပြန်တွေ့တာ များပါတယ်)၊

၆-၃။ လုပ်ငန်းခွင် အသွားအပြန် လုပ်နေစဉ် လူပျောက်ဆုံးမှု

၆-၃-၁။ တောဘက်နယ်ဘက်ကနေ ရန်ကုန်ကို အလုပ်လုပ်ဖို့ တက်လာရင်း အဆက်အသွယ် ပြတ်တောက် ပျောက်ဆုံး၊
၆-၃-၂။ လုပ်ငန်းခွင်က အိမ်အပြန် အဆက်အသွယ် ပြတ်တောက် ပျောက်ဆုံး၊
၆-၃-၃။ တက္ကဆီဆရာတွေ ကားဆွဲဖို့ ထွက်သွားရင်း‌ ပျောက်ဆုံး။ ဒါကတော့ လူသတ်ဓားပြမှုနဲ့ ပိုဆိုင်ပါတယ်။ လူရောကားပါ ပျောက်တဲ့ ဖြစ်စဉ်တွေ ရှိပါတယ်။

၆-၄။ အိမ်ထောင်ရေး အချစ်ရေးနဲ့ သက်ဆိုင်တဲ့ လူပျောက်ဆုံးမှု

၆-၄-၁။ လင်မယား စကားများ မယား အိမ်ပေါ်ကနေ ဆင်း ပျောက်ဆုံး။ တစ်ခါတစ်လေ ကလေးတွေကို ခေါ်သွားတဲ့ အတွက် မယားရော၊ ကလေးပါ ပျောက်ဆုံး။
၆-၄-၂။ နောက် အသစ်တွေ့ ဘဝသစ် တည်ဆောက်ဖို့ ထွက်သွား။ ဒါကတော့ လူမှုရေး ပြဿနာပါ။ လူပျောက်မှု အစစ်တော့ မဟုတ်ပါဘူး။
၆-၄-၃။ လူငယ်တွေ နှစ်ဦး သဘောတူ အိမ်ထောင်ပြုပေမယ့် မိဘတွေ သဘော မတူလို့ ပြန်ခွဲ။ ဒီလို ကိစ္စနဲ့ ပတ်သက်တဲ့ လူပျောက်မှု။ လူပျောက်မှု အစစ်တော့ မဟုတ်ပါဘူး။

၆-၅။ လူကုန်ကူးမှု ပြဿနာ (တရုတ်မယား၊ ကေတီဗွီအလုပ်)

၆-၅-၁။ တရုတ်မယား လုပ်ဖို့ လိုက်သွားတာကို အုပ်ထိန်းသူတွေက မသိဘဲ လူပျောက်ဆုံးမှု။ တစ်ချို့ကိစ္စတွေမှာတော့ တရုတ်မယား အလုပ် လုပ်ဖို့ကို သူ့ ဆန္ဒနဲ့ သူ လုပ်တာ ရှိသလို၊ ဆန္ဒ မပါဘဲ ဖိအားပေးခံရတာလည်း ရှိ။
၆-၅-၂။ ကေတီဗွီမှာ အသန့် လုပ်ရမယ် ဆိုပြီး ခေါ်သွား၊ မူဆယ် မိုင်းလားကို ရောက်တော့ လိင်ဖျော်ဖြေရေး လုပ်ငန်းမှာ ရောင်းစားခံရ။ အဲဒီ ကိစ္စနဲ့ ပတ်သက်တဲ့ လူပျောက်မှု။
၆-၅-၃။ အလုပ် ရှာနေတဲ့ ကလေးတွေ (ကလေးလုပ်သား)၊ လူငယ်တွေကို အလုပ် ပေးမယ် ဆိုပြီး လိမ်ခေါ်သွားတာနဲ့ ပတ်သက်တဲ့ လူပျောက်မှု။

၆-၆။ ရုတ်ခြည်း လူပျောက်ဆုံးမှု

၆-၆-၁။ ရန်ကုန် တစ်မြို့နယ်ကနေ တစ်ခြား တစ်မြို့နယ်ကို အကူးအသန်း လုပ်နေရင်း ဖုန်း ဆက်လို့ မရတော့ဘဲ ပျောက်ဆုံးသွားတဲ့ ဖြစ်စဉ်မျိုး။
၆-၆-၂။ ဘယ်လို ဖြစ်လို့ ဖြစ်မှန်း လုံးဝ မသိလိုက်ရတဲ့ ပျောက်ဆုံးမှု။

၇။ လူပျောက်ရင် ပြန်တွေ့တာတွေလည်း ရှိပါတယ်။ ဒါပေမယ့် ဘယ်လို ပြန်တွေ့တယ် ဆိုတာကို နောက်ဆက်တွဲ သတင်း မသိရ (ဒါမှမဟုတ်) မိဘအုပ်ထိန်းသူတွေက အကျယ်တဝင့် မပြောတဲ့ အတွက် ဘာမှန်း မသိရတာတွေလည်း ရှိပါတယ်။ ဥပမာ – မိန်းကလေး တစ်ယောက် ကျောင်းတက်နေရင်း ပျောက်သွားတယ်။ တကယ်တော့ သူက ကျောင်း မတက်ချင်တော့လို့ ရရာ အလုပ် ဝင်လုပ်ပြီး အဆောင် ငှားနေတာ။ နောက်တော့ ပြန်တွေ့တယ်။ ဒီလို ဖြစ်စဉ်တွေက သတင်းထဲ ပြန် မရောက်လာတော့ဘူး။

ဇောက်ချပြီး လုပ်ဖို့ လိုနေပြီ ဖြစ်တဲ့ လူပျောက်ရှာဖွေရေး

၈။ လူပျောက်ကိစ္စဟာ Public Issue တစ်ခု ဖြစ်လာတော့ သေသေချာချာ ဇောက်ချပြီး လုပ်ပေးနိုင်ပြီး အရည်အချင်း ပြည့်ဝတဲ့ Non-profit/Non-government အဖွဲ့အစည်းတွေက ဦးဆောင်ပြီး လုပ်ဖို့ လိုပါတယ်။ အခုလေးတင်ပဲ ဒီလို ကိစ္စ လုပ်နိုင်တဲ့ အဖွဲ့အစည်းတစ်ခုက အစ်ကို‌ တစ်ယောက်ကို လုပ်ဖို့ ပြောထားပါတယ်။ အခြေအနေ အခွင့်အလမ်းသာရင်တော့ Missing Persons in Myanmar Online Reporting System တွေ သိပ် မကြာခင် ထွက်လာမှာပါ။

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *